ရခိုင်ရာဇ၀င် ၀တ္တု

ဤဇတ်လမ်းကို အနာဂါတ် ရခိုင်ရင်သွီးငယ်ချေရို့ သင်္ခန်းစာရစီဖို့ တစုံတယောက်သောသူက အနုပညာလက်ရာမြောက်စွာ ဗွီဒီယိုဇတ်လမ်းတခွေ ဖန်တီးသင့်သည်။ သို့သော် ရခိုင်ဘုရင်သည် မြန်မာဘုရင်ပုဏ္ဏားဂေါင်းပေါင်း မဆောင်းသင့်ပေ။ ရခိုင်ဘုရင် မကိုက်သရဖူကိုရာ ဆောင်းသင့်ပါသည်။
တနိသောအခါ ပြည့်သျှင်မင်းဖလောင်းကြီးသည် မဟာမုနိဘုရားကို ဖူးမြော်ကြည်ညိုရန်ထွက်တော်မူသည်။ မင်းကြီးဝတ်ဆင်တော်မူသော ပတ္တမြားလက်စွပ်သည်ကျွတ်၍ ရီထဲသို့ကျလတ်သည်။ လက်စွပ်ကို ငါးတကောင်ရ၍မျိုသည်။ တလမျှဟိလတ်သောအခါ ထိုငါးကို တံငါတယောက်ရသည်။ ငါးဝမ်းမှလက်စွပ်ကို တံငါရသည်။ တံငါယောက်ျားသည် ကြောက်လန့်ခြင်းကြောင့် လက်စွပ်နှင့်အတူ ငါးကိုပါဆောင်ယူလာပြီးမင်းကြီးထံဆက်သည်။ မင်းကြီးက အမတ်ပညာကျော်ကိုမီးတော်မူရာ အမတ်ကြီးလျှောက်ထုံးမူကား-
အသျှင်မင်းမြတ်။ လက်စွပ်တော်ရီသို့ကျသောအခါ၌ ငါးသည်မျိုယူသိမ်းထားသည်။ ထိုငါးသည် မိမိအသက်ကို အသီခံလျှက် တံငါထံဝင်ရောက်သည်။ ထိုငါးမှ လက်စွပ်ကို တံငါရ၍ ဆက်သလာရသည်။ ဤအရာကိုထောက်၍ မှန်တိုင်းလျှောက်ရပါသော် ဥာဏ်နည်းသူရို့ ငြိုငြင်ရာသောအကြောင်းဟိပါသည်။
အသျှင်မင်းကြီး။ ဘုန်းကျက်သရေကြီးကျယ်ကြောင်းကို ပြည်သူအများသိထင်စီပြီးမှ ခုနှစ်လနှင့်ပြီးအောင် စီစဉ်ပါမည်- လျှောက်လတ်သော် ပတ္တမြားကိုယူလျှက် သားတစ်အတွင်း၌မြှုပ်သည်။ ထိုပတ္တမြားသားတစ်ကို အရွယ်သင့်တော်အောင်လှီးပြီး အခြားသားတတုံးများနှင့်အတူရော၍ ကြဲထားလတ်သည်။ ထိုသားတများကို ကျီးစွန်များချီယူကြလီရာ ပတ္တမြားဟိသောသားတစ်လည်းပါလားသည်။ ဆယ်ရက်ခန့်ကြာသောအခါ ထိုစွန်ငှက်ကို ငှက်ခတ်သားရို့ရဟိသည်။ စွန်ဝမ်းမှပတ္တမြားကိုရ၍ ငှက်ခတ်သားသည် စွန်ကောင်နှင့်အတူတကွ ပတ္တမြားကို မင်းထံဆက်သရောက်လာပြန်သည်။ ယင်းသို့နောက်မှ မထင်ရှားသူတယောက်အား ပတ္တမြားကိုအပ်၍ ရောင်းစီသည်။ ကုလားတယောက်သည် အသပြာတရာပီးပြီး ထိုပတ္တမြားကိုဝယ်ယူသည်။ ထိုကုလားသည် ပတ္တမြားကိုရွှေနှင့်ကွင်းရန် ပန်းတိမ်သည်တဦးထံအပ်သည်။ ထိုလက်စွပ်ကွင်း၍ပြီးလျှင် ပန်းထိမ်အိမ်၌ ကုလားသို့မအပ်မှီ သူခိုးခိုး၍ပါလားသည်။ ကုလားသည် လက်စွပ်ကိုရလိုမှုနှင့် မင်းထံလျှောက်ထားလာသည်။ မင်းကြီးက အမှုကိုအမတ်ကြီးသို့အပ်သည်။ အမတ်ကြီးလည်း အမှုကိုစစ်ဆီးရာ လက်စွပ်အကြောင်းကိုသိရသည်။ အမတ်ကြီးလည်း ပြီးအောင်စီရင်မည်ဟုဆိုလျှက် ဆိုင်းငံ့၍နီလတ်သည်။
ပန်းထိမ်အိမ်မှ လက်စွပ်ခိုးယူသောသူသည် မြစ်ဆိပ်၌ရီချိုးသောအခါ လက်စွပ်ကိုချွတ်၍ တနီရာ၌ထားလတ်သည်။ ထိုလက်စွပ်ထားရာအပါး၌ ကြွက်တွင်းတခုဟိသည်။ ကြွက်သည် တွင်းမှထွက်လာပြီးအစာရှာရာ လက်စွပ်ကိုတွိပြီး ယူလားလျှက် တွင်းသို့ဝင်လားသည်။ တရားသူကြီးကျွန်တယောက်သည် ကြွက်သားစားလို၍ ကြွက်ရှာရန်လားသည်။ ထိုသူသည် အဆိုပါကြွက်တွင်းကိုတွိ၍ တူးလတ်သည်။ ကြွက်တွင်းဟိ ပတ္တမြားလက်စွပ်ကို ရလတ်သည်။ ထိုသူသည် ပတ္တမြားလက်စွပ်ကိုမထားဝံ့သဖြင့် မိမိသခင်ဖြစ်သူ တရားသူကြီးထံ အပ်နှံထားလတ်သည်။ တရားသူကြီးသည် လက်စွပ်ကိုမြင်လျှင် ပြည့်သျှင်မင်းကြီးလက်စွပ်ဖြစ်သည်ကိုသိပြီး အကြံဖြင့် ၀မ်းသာအားရသည်။ အမတ်မဟာပညာကျော်သည် ခုနှစ်လနှင့် တံငါမှု၊ ဌက်ခတ်မှု၊ ကုလား ပန်းတိမ်မှုများကို စီရင်မည်ဟု မင်းထံလျှောက်ထားသူဖြစ်သည်။ အထက်အမွီမှုတွင်လည်း ဓမ္မသတ်ကိုပယ်၍ ငါရို့စီရင်သောအမှုကိုဖျက်ခသည်။ တရားသူကြီးသည် မဟာပညာကျော်ကို အငြိုးဖြင့်အရှက်ခွဲရန် အကြံဖြစ်လတ်သည်။ သို့နှင့်လက်စွပ်ကို ခုနှစ်လလွန်ပြီးမှ မင်းထံဆက်မည်ကြံလျှက် လုံခြုံစွာ ထုပ်သိမ်းထားလတ်သည်။ တရားသူကြီး အခြားအိမ်သို့ထွက်လားခိုက် မယားဖြစ်သူသည် လက်စွပ်ကို ထုတ်ယူကြည့်သည်။ အိပ်ချင်သည်ဖြစ်၍ လက်စွပ်ကိုအနီးတွင်ထား၍ အိပ်ပျော်လားသည်။
ထိုအခိုက်
ကျီးတကောင်ရောက်လာပြီး လက်စွပ်ကိုချီယူလားကာ အသိုက်၌ထားသည်။ တရားသူကြီးသည် အိမ်သို့ပြန်ဝင်လာပြီးလက်စွပ်ကို ကြည့်ရှုစစ်ဆေးရာ မိမိထားရာတွင်မတွိ၍ မယားကိုမီးသည်။ မယားလည်း ကွယ်၍သာဆိုသဖြင့် လင်မယားရန်ရှက်တင်ဖြစ်ကြသည်။ သို့ကြောင့် လင်မယားကွာယှင်းလိုကြောင်း မင်းကြီးထံလျှောက်ထားသည်။ မင်းကြီးလည်းအမှုကို အမတ်ကြီးသို့အပ်၍စီရင်စီသည်။ အမတ်ကြီးသည် တရားသူကြီးမယားအား အမှုရင်းကို စုံစိအောင်စစ်ဆေးမီးမြန်းသည်။ လက်စွပ်ပျောက်လီသော အကြောင်းဖြစ်သည်ကိုသိရသည်။
ထိုအခါအမတ်ကြီးက အမှုကိုစီရင်ပီးပါမည်။ ဆိုင်းငံ့ပါဦးဆို၍နီလတ်သည်။ ထိုသောကာလ တနိတွင် ကျောင်းသားသူငယ်တဦးသည် ကျီးသိုက်ကိုမြင်သဖြင့်တက်ပြီး၊ ကျီးသိုက်ကိုနှိုက်ရာ လက်စွပ်ကိုရသည်။ ကျောင်းသားငယ်သည် လက်စွပ်ကို ဆရာဘုန်းကြီးသို့ပီးအပ်သည်။ ထိုဘုန်းကြီးလည်း ရတနာဖြစ်သည်၊ မင်းနှင့်ထိုက်သောဥစ္စာရာဖြစ်သည်။ မင်းအားဆက်မည်ဟူ၍ ပြည့်သျှင်မင်းကြီးထံဆက်သသည်။ မင်းကြီးလည်း အမတ်ပညာကျော်ကိုခေါ်၍ လက်စွပ်ရကြောင်းပြသည်။ အမတ်ကြီးသည် လက်စွပ်ကို သားတစ်၌ထည့်၍ ငှက်စာကျွေးသော လက်စွပ်ရက်ကစ၍ တွက်စစ်သော်ရက်ပေါင်း (၁၉၀) ဟိပြီဖြစ်ကြောင်း သိလတ်သည်။ စီရင်ရန် ရက် (၂၀) သာလိုတော့သည်။ အမှုကိုစီရင်တော့မည့်အကြောင်း မင်းကြီးအားလျှောက်ထားသည်။
အမတ်ကြီးသည် ဘုန်းကြီးအား လက်စွပ်မည်သို့ရကြောင်းမီးလျှောက်လီသည်။ ဘုန်းကြီးက တပည့်သူငယ်ရကြောင်းပြောပြသည်။ သူငယ်ကိုမီးရာ ကျီးသိုက်မှရကြောင်း အမတ်ကြီးထံလျှောက်ဆိုသည်။ ကျီးသိုက်ကို သူငယ်ပြ၍သိလတ်လျှင် ညအခါ ကျီးဖိုကျီးမစုံကိုရအောင်ဖမ်း၍ လက်စွပ်တော်နှင့်တူသော လက်စွပ်တကွင်း လုပ်ဆောင်စီသည်။ ထိုလက်စွပ်ကို ကျီးနှုတ်သီး၌ မြဲစွာချဉ်လျှက် နံနက်သောအခါလွှတ်သည်။ ကျီးဖိုကျီးမပျံလားရာသို့ မင်းစေလုလင်များကိုကြည့်စီသည်။ ကျီးဖိုကျီးမရို့သည် စားနီကျဖြစ်သော တရားသူကြီး အိမ်တွင်နားသည်။ တရားသူကြီးမယားသည် ပျောက်လားသောလက်စွပ်ကို ကျီးနှုတ်သီးတွင်ပါလာသည်ဟူလျှက် အုတ်အုတ်ကျက်ကျက်လိုက်ကြ၍ ကျီးကိုဖမ်းကြောင်း အမတ်ကြီးထံ မင်းစေရို့လျှောက်လာသည်။ အမတ်ကြီးသည် တရားသူကြီးလင်မယားကိုခေါ်ယူပြီး မီးမြန်းလတ်သည်။ ကျီးနှုတ်သီး၌ပါလာသောလက်စွပ်ကို သင်ရို့ဇာမှာက ရသနည်းမီးရာ အိမ်မှာစေသောကျွန်ကပီးအပ်၍ ရကြောင်းပြောသည်။ ထိုကျွန်ကိုအပ်စီ၍မီးစစ်ရာ ကြွက်တွင်း တူးရာကရကြောင်းလျှောက်ထားသည်။ ထိုကြွက်တွင်းကိုပြစီ၍သိလတ်သော် ထိုအရပ်၌ လူမပြတ်ချထားစောင့်နီစီပြီး ကြည့်ရှုရန်အခိုင်းထားသည်။
ထိုအခါ အထက်ခိုးသားသည် အဖော်များနှင့်ရီချိုးရန်လာပြန်သည်တွင် သည်အရပ်၌ မိမိလက်စွပ်ချထားရာမှ ပျောက်လားကြောင်း အဖော်များသို့ပြောဆိုသည်။ ထိုစကားကို မင်းစေကြားသိသော် ထိုသူအားခေါ်ယူလားပြီး၊ အမတ်ကြီးထံပီးအပ်သည်။ အမတ်ကြီးက ထိုသူကိုစစ်မီးသည်။ ပျောက်လားသောလက်စွပ်ကို ဇာကရသနည်း။ မှန်ကန်စွာထွက်ဆိုရမည်ပြောလတ်သော် ပန်းတိမ်အိမ်တွင် ခိုးရာမှရသော လက်စွပ်ဖြစ်ကြောင်းလျှောက်ထားသည်။ ထိုပန်းတိမ်ကို ခေါ်ယူ၍မီးရာ သင်္ဘောသားကုလားအပ်သောပစ္စည်းဖြစ်ကြောင်း၊ ကုလားကိုမီးရာ- အသပြာတရာပီး၍၀ယ်ရကြောင်းများကို လျှောက်ထားကြသည်။ အမတ်ကြီးလည်း အကြောင်းစုံသိပြီးဖြစ်သောအခါ ထိုအကြောင်းများကို မင်းကြီးအားလျှောက်ထားလီပြီးမှ အမှုကိုစီရင်ထုံးသော်ကား- လက်စွပ်တော်ရီသို့အကျတွင် မြီလက်မခံ၍ ငါးသိမ်းထားသည်။ ထိုငါးကိုတံငါရသည်။ ထိုတံငါလက်စွပ်ကိုမြင်လျှင် မထားဝံ့၍ မင်းထံဆက်သလာသည်များမှာ မြီပိုင်ရီပိုင်တိုင်းနိုင်ငံအတွင်း၌ဟိသောသူရို့သည် အစိုးရအသျှင့် ကျွန်တစေသာဖြစ်ကြသည်။ လက်စွပ်တော်ကို တံငါဆက်၍ရသည့်နောက်ပိုင်း ထိုလက်စွပ် မင်းလက်သို့မရောက် ပျောက်လတ်သော် တံငါကပီး၍ရသောကြောင့် လက်စွပ်တန်ဘိုးကို တံငါသို့ မင်းကပီးသင့်သည်။ တံငါဆက်လာသည့်နောက် ထိုလက်စွပ်သည် သတ္တ၀ါမျိုးစုံထံရောက်မှ မပျောက်မဆုံး ဆက်သလာရောက်ပြန်ရသည်။ တရားကျမ်းဂန်၌ သူတော်ကောင်းရို့ဥစ္စာကို ရီမှာပစ်လည်းမနစ်။ မီးမှာပစ်လည်းမချစ်- ဟူ၍ဆိုသော ရှိဟောင်းပညာဟိရို့ဆိုသောစကားဟိသည်။ အသျှင်မင်းတရားကြီး ဘိသိက်ခံတော်မူရာ အင်္ဂါပြည့်စုံ တရားစောင့်ထိန်းတော်မူသည်ဖြစ်၍ လူနတ်ကြည်ညိုသောကြောင့် သုံးကြိမ်တိုင်အောင် လက်စွပ်တော်ကို နတ်ရို့ညွှန်ရာ လူလာ၍ပို့ဆက်လာရသည်။
ရဟန်းသော်ကား တရားနှင့်လျှော်သည်ဖြစ်၍ ပစ္စည်းလေးပါးမြဲစီသင့်ပါသည်။ တံငါနှင့်ငှက်ခတ်သမားမှာ ကိုယ်နှင့်မထိုက်သောအရာကို သိတတ်သောသဘောဟိသူဖြစ်၍ မင်းဘဏ္ဍာထိန်းအပ်သော ကျွန်ကောင်းလက္ခဏာဝင်သည်။ တရားသူကြီးမှာ ကြွက်နှင့်တူသည်။ ပန်းတိမ်မှာ စွန်နှင့်တူသည်။ ကုလားမှာ ငါးနှင့်တူသည်။ ခိုးသူမှာ ကျီးနှင့်တူသည်။ ထိုငါးစသောသတ္တ၀ါလေးကောင်ရို့ ဒဏ်ရောက်သည့်နည်းတူ ကုလားစသော လူလေးဦးရို့ မင်းပြစ်သင့်ရာသည်ဟူ၍ စီရင်လတ်သော် နွီကာလစင်ဖြစ်လျှက် မိုးကြီးသည်းထန်စွာ ရွာလီသောကြောင့် မင်းကြီးလည်းအားရတော်မူ၍ ဆင်တော်မူသောလက်ကောက်ကို မဟာပညာကျော်အမတ်သို့ တရားဆုပီးတော်မူ၏။
(မဟာပညာကျော်လျှောက်ထုံး)


ငိုနိန်သော ရွေနန်းတော်

နိရက်။…….. ။ ရခိုင်သက္ကရာဇ် ၁၁၄၁-၁၁၄၂ ၊ ပြာသိုလဆန်း (၁၀) ရက်၊ အင်္ဂလိပ်သက္ကရာဇ်: 1780AD ဒီဇင်ဘာလ။

အချိန်။…….. ။ (၂) လာ စနီ မိုးထဖက်ချိန်

နီရာ ။ ……….။ ရခိုင်နိုင်ငံ၊ မြောက်ဦးရွီမြို့တော်၊ သျှစ်သောင်းပုထိုး နှင့် ကိုးသောင်း ပုထိုးတော်ကြား ၊


“မောင်ကြီး ..မောင်ကြီး …ဒေမှာကြည့်စမ်၊ ဒေကြက်မောက်ပန်းချေ ဇာလောက် ချစ်ဖို့ကေင်းလေ၊” ဆိုကာ မင်းသမီးချေ မြကြာညိုက သူမ အကိုကြီးကို ခူးပနာပြသည်။

“အေး အေး.. နှမတော်၊ ပန်းချေတိ အများကြီးခူးထား၊ ပန်းတိအများကြီးရလာကေ နှမချေနန့်မောင်ကြီး.. ဒေ မောက်နှမ နှစ်မ နှုစ်ယောက် ဒေ ကိုးသောင်းပုထိုးတော်ကြီးမှာ လှူကတ်ဖို့ ၊ ယပြီးကေ နှမချေ ချစ်ရရေ မောင်ကြီးနန်. မောင်ကြီးချစ်ရရေ နှမချေ.. ဒေမောင်နှမနှစ်ယောက် ဘ၀ ဘ၀ ဆက်တိုင်းဆက်တိုင်းမှာ ဆုံတွိကတ်ဖို့ ဆုတောင်းကတ်ဖိုးနန်း နှမတော်” မင်းသားချေ မင်းစော စကားအဆုံးတွင် မြကြာညိုမျက်နှာပါ အပြုံးပန်းချေတိ သန်းလာသည်။

“အော်..မောင်ကြီး မောင်ကြီး..အဂုတော့ခါ ငါ့နှမ၊ငါ့နှမနန့် ၊မြကြာညို ကကောင်းမပြောချင်..၊ ထိုတစ်ရက်နိက နန်းတွင်းအနောက်ဆောင်က အမတ်ကြီးထွန်းအောင်ကျော်သမီးတော် မြစောညိုတွက် စောင်းတော်တီးလို့ ဂီတသံစဉ်တိ လားဆက်သက်တေ လို့ နှမချေ ပြောသံကြားရေ…….။ ကြင်ဖော်ရကေ မောင်ကြီးက ချစ်ရရေ ဒေနှမချေကို မိလီဖို့စွာယာ….ဟိဟိ..” ဟုမောင်သယ်ကို သွန်းလိုက်သည်။ မင်းသားမင်းစောသည် ဟြက်(ရှက်) စိတ်ဝင်လားပြီး ….

” ဟေး ….ဒေသူတစ်ယောက် အထူးထူး မပြောရ မောင်ကြီးကို ငရဲကြီးဖို့ယေ” ဟုဆိုကာ စကား ပိတ်လိုက်သည်။

မင်းသားမင်းစောနှင့်မင်းသမီး မြကြာညိုရို.သည် မြောက်ဦးမြို့တော်ကို အုပ်ချုပ်ရေးပိုင်းတာဝန်ယူထားသော အမတ်ကြီးသာထွန်းအောင်၏ သမီးတော်၊သားတော်များဖြစ်သည်။ မင်းသားမင်စောသည် အသက်အရွယ်အားဖြင့် ၂၄နှစ်ခန့်ဖြစ်ပြီး ၊သူနှမချေမြကြာညိုမှာအသက် ၂၀အရွယ်ဖြစ်သည်။ မင်းသားမင်းစောသည် မြောက်ဦးဘုရင်သမ္မတရာဇာမင်း၏ ကိုယ်ရံတော်တပ်၌ တပ်မူးတစ်ယောက်လည်းဖြစ်သည်။ မင်းစောသည် တိုက်ရီး၊ခိုက်ရီးကျွမ်းကျင်ပြီး၊မြင်းများကိုအလွန်ပင်ချစ်တတ်သည်။ သူသည် အသက် ၂၀ခန့် အရွယ်တွင် အိန္ဒိယနိုင်ငံသို့ စစ်ရေးပညာသင်ရန်စေလွတ်ခံရဖူးသည်။ စာပီ၊ဂီတ အနှပညာကိုလည်းအလွန်ပင် ခုံမင်သည်။ အချိန်ရလျှင် ရတု၊ကဗျာ များအပျော်တမ်းစပ်လေ့ဟိသည်။

မင်းသမီးချေ မြကြာညိုမှာ နန်းတွင်း အထူးဆောင်၌ ရခိုင်စာပီ ဂီတ အနှပညာများ သင်ကြားနီဆဲဖြစ်သည်။ သူမသည်ဘ၀ကို ရတုကဗျာတိစပ်ယင်းနှင့်ပင်ကုန်ဆုံးစီချင်သည်။ သူရိုမောင်နှမနှစ်ယောက်သည်တစ်ယောက်ကိုတစ်ယောက်လွန်စွာချစ်ကတ်ပြီး ၊ ၀ါသနာတူ၊ အကျင့်တူများးဖြစ်သည်။ ဘာသာတရားကိုလည်း အလွန်ပင်ကိုင်းချိုင်းကတ်ပြီး ဘုရားမြတ်စွာအား သက်ဝင်ယုံကြည်သူများဖြစ်ပါသည်။ အဂုလည်း အခြွေအရံတိနှင့် ပန်းများခူးကာ ဘုရားမှာလှူရန်ကိုသောင်းဘုရား အနောက်ဘက်တစ်နီရာကိုရောက်ဟိလာကတ်ခြင်းဖြစ်သည်။ သူရို.သည် အခြွေအရံတိကို အ၀ီးမှ စောင့်ကတ်ရန် မှာလိုက်ပြီး မောင်နှမနှစ်ယောက် လလွတ်လလပ်ပန်းများခူးကာ ကိုးသောင်းပုထိုးတော်ကြီးတွင်ကပ်လှူပှုဇော်ကတ်မည်ဖြစ်သည်။


” နှမတော် …ဒေမှာ တစ်နားချေနီလိုက်..ပန်းတိခူးထား၊ မောင်ကြီး ထိုဟြိ့က ကန်ကြီးကိုလားကြည့်ချင်ရေ၊ ယင်းကန်ထဲက ကြာဖြူ၊ ကြာနီ ချေတိကို မောင်ကြီး ကြည့်ချင်လို့” ဟု မင်းစောလှမ်းပြောလိုက်သည်။

” နှမချေလေ့ လိုက်ပါရဇီ မောင်ကြီး၊ ဒေနားမှာ တစ်ယောက်တည်း မနီဝံ့၊ နှမချေ ကြောက်တေ” ဟုမြကြာညိုပြန်ပြောသည်။

“ဇာကို ကြောက်စရာလိုလေ နှမတော်၊ ထော.. ဒေက အနောက်ဘက်ကိုကြည့်လိုက် ငါရို. အဘိုးတိတည်ထားခရေ သျှစ်သောင်း၊ထုက္ကသိမ်၊ လေးမျက်နှာဘုရားပုထိုးတိ ဟိန်းလို့၊ ထော.. အဟြိ့(ရှိ) ဘက်ကိုကြည့်လိုက်စမ်……။ ဘုရင် မင်းခမောင်တည်ခရေ ကိုးတော်ပုထိုတော်ကြီး တိ မမားမမတ်နန့်၊ အခြွေအရံတိလည်း မပါးမ၀ီးမှာ ဟိကတ်တေ မလား” ပြောသာပြောလိုက်ရသည် သူညီမ နားထောင်ဖို့လို့ မင်းစောမထင်။

” အာ.. မောင်ကြီး၊ မရ နှမတော်ကြောက်တေ” ဟုဆိုကာ ပန်းရိုင်း ခြုံပုတ်တိ ကြားထဲက ပြီးထွက်လာသည်။ မင်းစောလေ့ တားဖို့အချိန်တောင်မရလိုက်။ ” အေး ၊”အေး” နှင့် သဘောတူလိုက်ရသည်။

“နှမတော် ကန်ထဲမှာ ပေါက်နီကတ်တေ၊ ကြာဖြူ ကြာနီပန်းချေတိကိုကြည့်စမ်၊ ဇာလောက်ချစ်ဖို့ကောင်းလေ၊ နှမတော် မောင်တော်တစ်ခု ပြောပြမေ၊ ကြာပန်းဆိုစွာ လောကကို သူ့အလှတစ်ခုတည်းနန့် အလှဆင်စွာမဟုတ်၊ ဘ၀ ကိုလုံးဝ အရှုံးမပီးရေ ပန်းတိထဲမှာ ကြာပန်းရေ သတ္တိအဟိဆုံးဖြစ်တေ နှမတော်” မြကြာညို သူ့မောင်သယ်စကားကို နားမလည် ဖြစ်နီသည်။

” နှမတော်.. ကြာပန်း အလှတစ်ခုတည်းကို မကြည့်ကေ့ ၊ ကြာပန်း အောက်မှာ ရီဟိရေ၊ ယင်းရီအောက်မှာ ကျူပ်တိ ဘိတ်နန့် ပေါင်းစပ်ထားရေ ဒေကမ္ဘာမြေကြီး ၊ ယင်းပိုင် အခက်အခဲ့တိကြားထဲတိ အားလုံးကို ကျော်ဖြတ်ပြီးကေ လောကအလှဆင်ဖို့အတွက် ရုန်းထွက်ပါလတ်တေ ဒေပန်းချေတိကို ဘလောက်ချီးကျူးဖို့ကောင်းလေ ကြည့်စမ်”။ မင်းစောတစ်ယောက် အသျှေတစ်ယောက်ပိုင် နားထောင်နီသော သူ့နှမချေကို ဥပမာတိ နှင့် ချင်းပြနီသည်။

“မောင်ကြီးလည်း ကို့နှမချေကို ဒေကြာပန်းချေတိပိုင် အဖရခိုင်ပြည်ကြီးကို အလှဆင်ဖို့ မောင်ကြီး တိုက်တွန်းချင်ရေ နှမတော်”

မြကြာညိုကလည်း မောင်သယ်ကို သူမ တတ်စွမ်းသော စာပီ၊ဂီတ အနှပညာနှင့် အဖရခိုင်ပြည်ကြီးကိုအလှဆင်မည်ဖြစ်ကြောင့်ကတိပီး
လိုက်သည်။ မင်စော စကားပြန်စလာသည်။ သူသည် သူ့နှမချေအား သူကြိုက်တေ သုဝဏ္ဏဒေ၀ီ (စောပြည့်ညို) ရွီးစပ်ခသော သိန်ကန်မိန်တွင်ရတု ကို ကြားချင်ကြောင်းပြောပြသည်။ မြကြာညိုလည် သူမမှတ်မိသလောက်မှ

“လျှောက်တင်ခါပန်း၊ ရာသီဆန်းလျင်၊ နန်းမြင့်အောင်မြီ၊ ဆယ့်နှစ်လီရစ်သန်းမြူး၊ မောက်သူဇာကေ၊ ဒက္ကာဆိပ်ကမ်းဦးက၊

ကျေးဇူးဂုဏ်သျှစ်တန်၊ အမတ်လိမ္မာ၊ ထိုမြို့ရွာတွင်၊ အာဏာသုံးခယ့်ပြန်မှ၊ ပြောင်ဆဒ္ဒန်မာတင်ရိုး၊ ထွက်လျှင်မပြန်၊

မလှန်ကိုယ့်မင်းမျိုးတည့်။ ဆိုးကောင်းနှစ်ပါးတွင်၊ ရိပ်ခြည်အမျှင်၊ အသျှင်သိလျှင်းပင်တည့်။ ပညာသျှင်အုပ်ထိန်းမှ၊ မြို့ပြပြည်ရွာ၊

သာယာစည်ကားလှအယ့်။ မင်းယောက်ျားဓမ္မတာ၊ ပညာမဲ့ကွက်၊ ညာဏ်မစွက်သော်၊ ပြည်ထက်မထားရာတည့်။

ရှိယ့်ကျမ်းလာထုံးစာဟောင်း၊ ကျိုးကြောင်းသိပြန်၊ ဘွဲ့မွန်အမတ်ကောင်းကို၊ နောက်တကြောင်းကုလားရွာ၊ အပိုင်အပ်ပြီး၊ စစ်သူကြီးဟု၊ …………….”

မင်းစောလည်းလွန်စွာအားရကျေနပ်လျက် နှမချေအား ချီးကျူးစကားဆိုသည်။ ယင်းနောက် မင်းသားမင်းစောနှင့်မင်သမီးချေရို.သည် ကိုးတော်ပုထိုးတော်ကြီးသို့ ပန်းစည်းတိကိုင်ပနာ လျောက်လာကတ်သည်။ ထိုနောက် ပန်းတိကို ဘုရားတွင်ကပ်လှူပှုဇော်လျက် မောင်နှမနှုစ်ယောက် ဘ၀ဆက်တိုင်းဆက်တိုင်းဆုံတွိရပါလို.၏ဟုဆုတောင်းကတ်သည်။

“အသျှင်ဘုရား …တပည့်တော်၊တပည့်တော်မရို. မောင်နှမနှုစ်ယောက် ဘ၀ဘ၀ ဆက်တိုင်းဆက်တိုင်းမှာ ဆုံတွိရပါဇီ ဘုရား …..”

မောင်နှမနှစ်ယောက်ဆုတောင်းသံတိ ကိုးတော်ပုထိုးတော်ကြီးလှိုင်ဂူတိထဲတွင် ပဲ့အထပ်ထပ်တင်လျက်……….။

(၄)



နိရက်။…….. ။ ရခိုင်သက္ကရာဇ် ၁၁၄၄-၁၁၄၅ ၊ တန်းဆောင်မုန်း လဆန်း(၅) ရက်၊ အင်္ဂလိပ်သက္ကရာဇ်: 1783AD အောက်တိုဘာ။

အချိန်။…….. ။ (၂) လာ အင်္ဂါနခြင်းဖက်ချိန်

နီရာ ။……….။ မြောက်ဦး ရွီနန်းတော်

နန်းတွင်းညီလာခံကျင်းပနီသည်။ ရခိုင်နိုင်ငံရေး အတိမ်းအစောင့်မခံနိုင်သော အနီအထားဟိသည်။ သမ္မတရာဇာဘုရင်အား အရည်အချင်းမဟိဟုဆိုကာ ခွဲထွက်အဖွဲများပေါ်လာပြီး ဘုရင်၏ထီးနန်းကို ပုန်ကန်ခြားနားမူတိ ပေါ်ပေါက်လာသည်။

ရခိုင်နိုင်ငံ၏ စီးပွားရေး၊လူမူရေး၊နိုင်ငံရေး အဘက်ဘက်မှရီဝင်လာသည်။ ရခိုင့်ပြည့်သျှင်ဘုရင်မင်းမြတ်သည့် ပြည်တွင်းပုန်ကန်ခြားနားမူ၊ ပြည်တွင်း မိုးခေါ်မှု၊ အစာ၊ရီစာ သျှားပါးမူ၊ ၀မ်းရောဂါ ဖြစ်မူစသည့် ပြဿနာ ပေါင်းစုံနှင့်ကျင်ကိုင်နီရသည်။ စိုင်းတင်မြို့စား ငသံဒွေသည် ဘုရင်အား ဗြောင်စိန်ခေါ်မူများပြုလုပ်လာပြီး ရခိုင်ထီးနန်းကို ခြိမ်းခြောက်သည်။

နန်းတွင်း ညီလာခံ၌ ဌာန ပေါင်းစုံမှ မြို့စား၊ ၀န်ကြီး၊ မူမတ်အပေါင်းစုံရို.သည် ရင်မအီးနိုင်သော ရခိုင့်အနာဂတ်တွက် ဘုရင်ကြီးနှင့် အကြိတ်အနှယ် ဆွဲနွဲလျက်ဟိသည်။ မူးကြီး၊မတ်ကြီးရို.သည် ရာထူးအဆင့်၊အတန်းလိုက် ငွေ ကုတင်(ကုလားထိုင်) ထက်များ
တွင် သမာဓိအပြည့်နှင့်ထိုင်နီကတ်သည်။တချို.သော နန်းတွင်းသူ၊နန်းတွင်သားများသာ ဘုရင်ကြီးကို ထိုင်လျက်ခစားနီကတ်သည်။

” အေး … အဂု ပိုင် အကြံဥာဏ်တော်တိနန့်၊ အားတိုက် အင်တိုင် ဆွေးနွေးပီးကတ်တေ ၊ မူးကြီး၊ မတ်ကြီး၊ ၀န်ကြီး၊ အမတ်ပညာဟိ ရို.ကို ငါ ကိုယ်တော်မြတ် ကျေးဇုတင်ဟိတော်မူရေ၊ စိုင်းတင်မြို့စား ငသံတွေ ခြီလှမ်းတိကို သတိထား စောင့်ကြည့်ပြီးကေ
၊ ရင်ဆိုင်နီရရေ အခက်အခဲ့ တိကို ပူပေါင်း ဖြေသျှင်းကတ်ရဖို့ ၊ အမတ်ကြီးအပေါင်ရို.” နန်းတွင်ညီလာခံ ပလ္လင်ထက်က ဘုရားကြီးအသံ ဟိန်းထွက်လာသည်။

” အမတ်ကြီးသာထွန်းအောင်၊ စကားမစပ် မြောက်ဦး ရွီမြို့တော် လုံခြုံရေးကိစ္စ ငါကိုယ်တော့်မြတ် သိချင်ရေ၊” အမတ်ကြီး သာထွန်းအောင်အား ဘုရင်ကြီး မီးတော်မူသည်။

” မှန်လှပါ အသျှင်မင်ကြီး၊ မြောက်ဦးမြို့တော် လုံခြူံရေးကိုပါ ငသံဒွေ နန့်
အဖွဲ ဗြောင် စိန်ခေါ်နီကြောင့်ပါ၊ ယေဘင်ယေကေလေ့ အကျွန်မျိုး အသျှင့်သစ္စာတော် စောင့်သိတော်မူလျက် အခြေအနီပုံမှန်ရောက်အောင် ကြိုးစား နီပါရေ အသျှင် မင်းကြီး၊” ။

ဘုရင်ကြီး မျက်နှာမသာမယာဟိသည်။ ဘုရင်ကြီးသည်တိုင်းသူ၊ပြည်သားတိတွက် စိတ်မသာမယာ ဖြစ်နီဟန်ဟိသည်။

” အေး.. အေး .. အစစ အရာရာ သတိတော်ထား ၊ဆင်ခြင်တော်မူလျက် သူတော်ကောင်းထုံး နှလုံးမူပြီး ဆက်လက်လုပ်ဆောင်ကတ်ပါ အမတ်ကြီး ။ ငါ ကိုယ်တော်မြတ်၊ ဒေနိဖို့ ညီလာခံ ရပ်တော်မူမည်။ ကိုယ့်တာဝန် ကိုယ်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ကတ်စီ၊
အမတ်ကြီးအပေါင်း ရို.” ” မှန်လှပါ အသျှင်မင်ကြီး၊ အသျှင်မင်းကြီး သက်တော် ရာကျော် ဟြည်ပါဇီ။” နန်တွင်းသူ၊ နန်းတွင်းသား အပေါင်းရို၏ ဆုတောင်းသံ နန်းတော်တစ်လုံး ဟိန်းလားသည်။

ဘုရင်မင်းမြတ်လည်း များစွာသော အခြွေအရံတိနှင့်မိမိ ရွှေနန်းဆောင်းသို့ ကြွမြန်းတော်မူသည်။



1784AD (တစ်နှစ်တိတိ ကြာပြီးနောက်)



” ဒုန်း၊ ဒုန်း၊ ဒုန်း၊ အသျှင်မင်းသား၊ အသျှင်းမင်းသား အယင်ထတော်မူပါ၊အယင်ထတော်မူပါ၊ အောက်ပြည်က ဗမာတပ်တိ မြောက်ဦး မြို့တော်ကို ၀င်သိမ်းနီပါကြေင့်ပါ။”

ကိုယ်ရံတော် တံခါးခေါက်နိုးမူကြောင့် မင်းသားမင်းစောသည်ဗြန်းဆိုလန့်နိုးချိန်တွင် မြောက်ဦးမြို့တော်မှ အလွန်တရာမှ ကြောက်မွက် ထိတ်လန့်ဖွယ်ကောင်းသော အသံများဆက်တိုင်ကြားလိုက်ရသည်။ လူကျွီးသံ၊ အချေတိငိုသံ၊ မြင်းကျွီးသံတိ ဆက်တိုက်ထွက်ပေါ်လာသည်။ နန်းတော်အချက်ပီးနန်းဆောင်တော်မှလည်း အချက်ပီးရခိုင်စည်သံမိုးကြိုးပစ်ပိုင်ပေါ်ထွက်လာသည်။

မင်းစောသည် သူ၏ လက်စွဲတော်ဓားကို ကျစ်ပါအောင်ဆုပ်လိုက်ပြီး ၊

” တောက်… ရာဇ၀င် ရိုင်းလိုက်လေ ဝေ.. တိုင်းပြည် တစ်ပြည်ကို စစ်မကြေငြာဘဲ မဆမပိုင် အငိုက်ကျုးကျော်ဝင်သိမ်းရရေလို့၊ ကဲ…အချိန်မဟိ၊ တပ်မူး ဘုရင့်လူခြုံရေး အရေးကြီးရေအဂုချက်ချင်းလာကတ်မေ”…….။

ထိုအချိန်တွင် မင်စောနှမတော် မြကြာညိုသည် အခြွေအရံတိနှင့် ရောက်ဟိလာသည်။

” မောင်ကြီး၊ မောင်ကြီး …. မြောက်ဦ ရွီးမြို့တော်ကို ဗမာတပ်တိ ၀င်သိမ်းထားပါယာ… အဂု နန်းတော်ကို ချီတက်လာနီကတ်တေ”
မြကြာညို ဆို့နစ်ငိုကြွေးလျက် ယှောက်တင်သည်။


“အေး နှမတော်.. ဘုရင်မင်းမြတ်လုံခြုံ အရေးကြီးရေ၊ မောင်ကြီး အဂုချက်ချင်းလားလိုက်မေ၊ နှမတော်လေ့ အစစ အရာရာ ဂရုစိုက်ပါ၊” မင်းစောသည် မျက်ရည်မကျမိအောင်း အားတင်းထားရသည်။ တာဝန်အရသာ လားရသည်။ သူချစ်နှမတော်နှင့် ဒေပိုင်
အန္တရာယ်တိနှင့်ကြုံတွိနီချိန်တွင် မင်းစော အတူဟိနီချင်သည်။

” မောင်ကြီး , မောင်ကြီး အစစ အရာရာ သတိထားဆောင်ရွက်တော်မူပါ၊ နှမတော် ဇာပင်ရောက်ရောက် မောင်ကြီးကို စောင့်နလီဖို့” ဆိုးနစ်ငိုကြွီးသံနှင့် အတူထွက်ပေါ်လာသော နှမတော် စကားသံ မင်းစောနား ပဲတင်ထပ်လားသည်။

မင်းစောသည် ဗမာကျူးကျော်တပ်ကို အသက်နှင့်လဲ ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ၏မျက်နှာတွင် ရဲစိတ်ရဲမာန်တိတတ်ကြွလျက်ဟိသည်။ သူသည် သူ၏ မြင်နီကြီးကို စီးလျက် တပ်သား ၂၀၀ ခန့်ဟိသော ဘုရင်ကိုယ်ရံတော်တပ်ကို အဖပြည်တွက် အသက်ကိုစွန့်လွတ်ရန် အသံကျယ်ကြီးနှင့် အမိန့်ပီဆော်သြနီသည်။

ယင်းအချိန်တွင် သွီးရဲရဲနှင့် စစ်သားတစ်ယောက် မြင်းနီကြီးနှင့် အပြီးရောက်ဟိလာသည်။

” အသျှင်မင်းသာ၊ မြောက်ဦး ရွီးမြို့တော်ကြီး မီးဟုန်းဟုန်းတောက်နီကြောင့်ပါ၊ ရခိုင်သူ၊ရခိုင်သားတိမှာလဲ ဘေးလွတ်ရာသို့ ထွက်ပြီးနီကတ်ကြောင့်ပါ အသျှင်မင်းသား၊ အကျွန်မျိုးအား ခွင့်လွတ်တော်မူပါ”။ ယင်းသို့ ပြောကြားပြိးနောက် ထိုစစ်သားသည် မိမိ လည်ပင်းကို လျင်မြန်စွာ လှီးဖြတ်လိုက်သည်။

အသက်မဲ့ ခန္ဒာကိုယ်ကြီး မင်စော ဟြိ့အရိုးပြတ်လဲကျလားသည်။ မင်းစောသည် ထိုစစ်သားကို မြင်းထက်ကခုန်ဆင်း ဂါရသ၀ ပြုလိုက်သည်။ ယင်းနောက် မြင်းနီကြီးထက် ခုန်တက်လိုက်ပြီးနောက်

“ရခိုင်နွယ်ဖွား အမျိုးစစ်တေ ရဲမက်အပေါင်းရို. သင့်ရို.သွီးဇာလောက်ရဲလေဆိုစွာကို အဖပြည်တွက် ဒေနိ ဒေအချိန် ပြဖို့ အချိန်ရောက်ဗျယ်..။ငါ့ရို. ရခိုင်ပြည်၊ရွီနန်းတော်ကို ငါရို. အသက်နန့်လဲ ကာကွယ်မည်” မင်းစော ရာဇမာန်အပြည့်နှင့် ကြုံးဝါးလိုက်ချိန်တွင် ရဲမက် အပေါင်ရို. ပြိုင်တူလိုက်ဆိုကတ်သည်

” ငါ့ရို. ရခိုင်ပြည်၊ ငါရို.ရွီနန်းတော်ကို ငါရို. အသက်နန့်လဲ ကာကွယ်မည်”

ကြုံးဝါးသံတိ နန်းတော်တစ်ခုလုံး ဆူညံလားသည်။ မင်းစောသည် တပ်မူးတစ်ချို.နှင့် ဟြိ့က ချီတက်လျက် နန်းတော် အပြင်ဘက်တံတိုင်းအရောက်တွင် မြောက်ဦးတစ်ခုလုံး မီးဟုန်းဟုတ်းတောက်နီသည်။ ရဲမက်အချိုမျက်လုံးမှ မျက်ရည်တိ ယိုစီးကျလာသည်။

ဝမ်းနည်းအချိန်မဟိပါ။ နန်းတော်နှင့် အသျှင်အား အသက်နှင့်လဲ ကာကွယ်ရမည့်ဖြစ်သည်။ မင်းစောရို. အဟြိ့ တဂါဝုဒ်ခန့် အကွာမှ ဗမာစစ်သည်များသည် နန်းတော်သို့ချီတက်လာနီသည်။ အချိန်ကား သန်းခေါင်အချိန်။ ကွမ်းတယာအညုက်ခန့်အကြာတွင် ဗမာကျူးကျော်တပ်နှင့် ရခိုင်မင်းစောတပ်ရို. ရင်ဆိုင်တိုးသည်။ တိုက်ပွဲသည် အလွန်ပင်ပြင်းထန်လှသည်။ လူကျီးသံများ၊ မြင်းကျီးသံနှင့် ကမ္ဘာပြိုလားဟန်ဟိသည်။

မင်းစောရိုတပ်ဖွဲ့သည် ဗမာတိကိုအားမန်အပြည့်နှင့်ရင်ဆိုင်ခုခံသည်။ ရဲမက် ၂၀၀ ခန့်ဟိသော မင်းစောရို့တပ်သည် အလူးအလဲခံနီရသည်။ မင်းစောစစ်သည်များသည် အတုံးအရုံးကျဆုံးကတ်သည်။

အင်အားချင်းမမျှ၍ တစ်နာရီခန့်အကြာတွင် နန်းတွင်းအ၀င် တံခါးမကြီးလုံးဝပွင့်လားသည်။ ဗမာစစ်သည်များသည် ရွီးနန်းတော်ကြီးထဲသို့ ဒုံးစိုင်းဝင်လားချိန်တွင် နန်းတွင်းမှ ကျွကျွတ်ရိုက်သံများဆက်တိုက်ထွက်ပေါ်လာသည်။ မင်းစောသည် မျက်ရည်ကိုသုတ် ဓားနှင့်ခွတ်ရင်း ရန်သူအငုတ်ကို သျှင်းနီချိန်တွင် သူ့စစ်သည်များ အတုံးအရုံး သူဟြိ့တွင်ကျဆုံးလားသည်။

မင်းစော၏စိတ်အာရုံတွင် သူ့နှမတော် မျက်နှာ မြင်ယောင်လာသည်။ ကယ်သူမဲ့နန်းတွင်းသူ၊နန်းတွင်သားများ၏ ကျွီးသံ၊ငိုသံတိ မင်းစောကြားနီရသည်။ ယင်းနောက် ရွီနန်းတော်မှမီးခိုးလုံးကြီးတိထွက်ပေါ်လာသည်။မင်းစောသည် နန်းတွင်းထဲကိုဝင်၍ နှမတော်ကို ကယ်ထုတ်ချင်သည်။ ယေပိုင်ယေကေလေ့ ထိုအကြံသည်အလွန်ပင်နောက်ကျနီကြောင့် မင်းစော သဘောပေါ်သည်။ များပြားလှစွာသော ဗမာစစ်သည်များသည် နန်းတော်တံတိုင်း တန်းခါး ပေါက်ကြီးကိုအသီပိတ်ဆိုးလိုက်ကတ်သည်။

“အား ………… ” ယင်းသို့ တွေးတောနီစဉ်တွင် မမျော်လင့် လှံတစ်ချောင်း မင်းစော၏ လက်မောင်းတော်အောက်သို့စိုက်ဝင်လာသည်။ မင်းစောသည် နာကြင်လွန်းသောဝေဒနာ ခံစားလိုက်ရပြီး၊ သူဂေါင်းရိုင်လားသည်။ သတိတစ်ချက်ပြန်သွင်းလျက် မြင်းထက်က လူးမကျအောင် မင်းစောထိန်းလိုက်သည်။

ယင်းနောက် ထိုဗမာစစ်သည်အား မိမိ လက်စွဲတော်ဓားဟြည်ဖြင့် မင်းစော လျင်မြန်စွာခေါင်းဖြတ်သတ်လိုက်သည်။

လှံချက်ပြင်းထန်သောကြောင့် မင်းစော ဒယိန်းဒယိုင်ဖြစ်လာသည်။ သွီးစက်များ လက်မောင်းအောက်က ဒလဟော စီးချင်းလာသည်။ သူ့ရဲမက်အားလုံးနီပါးသည်သူဟြိ့တွင် အပုံပုံလဲသီလျက်…..။

” ငါ ……ဗမာလက်မှာ အသီမခံနိုင်”

မင်းစောစိတ်တင်းလိုက်သည်။ ယင်းနောက် ထိုတိုက်ပွဲအတွင်းမှ မင်စော အောင်မြင်စွာဆုတ်ခွာလိုက်သည်။မင်းသားမင်းစောသည် ကြွီကွဲ မျက်ရည်ယိုစီးလျက် မြင်းနီကြီးနှင့် နန်းတော် အဟြိ့ဘက်သို့ ဒုန်းစိုင်းပြီးလာသည်။

လမ်းတစ်လျောက်လုံးတွင် အနိဌာရုံတိ ဆီးကြိုသည်။ မီးလောင်နီသော ဘုရားပုထိုးများ၊ သွီးအိုင်များလဲကျသီဆုံနီသော လူတိအလောင်းများ၊ ကယ်သူမိ ပြီးလွားနီကတ်သော အဖပြည်သူများ၊ အချေ ငိုကျွီးသံများ …..။

သူ့နှမတော်နှင့် ပန်းအတူခူးခသော တောပုတ်နားတွင် မင်းစော မြင်းနီကြီးကိုတန်လျက် ပန်းတဆုပ်ခူးလိုက်သည်။ ယင်းနောက် ကိုးသောင်းပုထိုးတော်ကြီးထဲသို့မင်းစော ဒုန်းစိုင်းဝင်လိုက်သည်။

လိုက်ဂှုကြီးအထဲမှ မြတ်စွာဘုရားဆင်းတုတော်ကြီးတိဟြိ့တွင်မင်းစောဒူးထောက်လိုက်သည်။

“အသျှင်ဘုရား ဘ၀ ဘ၀ ဆိုက်တိုက် ဆက်တိုက်မှာ တပည့်တော် နှမတော်နန့် တပည့်တော် ဆုံတွိရပါလို၏။”

မင်းစောမျက်နှာမှမျက်ရည်တိမိုးရွာရေပိုင် စီးကျလာသည်။ ယင်းနောက် မင်းစောသည် သွီးတိနှင့် စည်းနီသောသူ၏လက်စွဲတော်ဓားကို
အထက်သို့မြောက်လိုက်ပြီး မိမိ ရင်ဘက်ထဲကို ထိုးစိုက်လိုက်သည်။ နှလုံးထဲမှ သွီးတိ ဒလယောစီးချင်းလာပြီး မင်းစောအာရုံတွင် အမှောင်ထုသည်ဖုံးလွှမ်းလားသည်။ ၀ိညဉ်လွင့်လားသော မင်းစော၏အသက်မိကိုယ်ခန္ဒာကြီး ကိုးတော်ပုထိုးတော်ကြီးထဲတွင် အထီးကျန်လျက်….။



တစ်လခန့် ကြာပြီးနောက်………………………..။



မင်းသမီးချေ မြကြာညိုသည်အလွန်ပင်ပိန်ခန်းလားသည်။ သူမသည်အဖပြည်နှင့်သူ့မောင်ကြီးကို
လွမ်းရသောစိတ်တိနှင့်ဒုက္ခဆင်းရဲရောက် လျက်ဟိသည်။ မောင်ကြီးမင်းစောတစ်ယောက် သီလို့ဟိလီလာ၊ဟြင်လို့ဟိလီလာ မြကြာညိုသတင်းအစအနပင်မရပါ။ ရခိုင်ပြည်စစ်သျှုံး၍ရခိုင်ဘုရင်နှင့်ဘုရင်မအပါအ၀င် နန်းတွင်သူ နန်းတော်သားတိကို အင်းဝသို့ ဖမ်းဆီးခေါ်ဆေင်ခခါက မင်းသမီးချေ မြကြာညိုပါ ပါလာသည်။

သူမသည် ဗမာထမင်းကိုမသီအောင်စားလျက် အဖရခိုင်ပြည်နှင့်မြောက်ဦးရွီမြို့တော်အကြောင်းကို ကဗျာစာတိ ရွီးလျက် အချိန်တိကိုကျော်ဖြတ်လျက်ဟိသည်။ စကားမတူ၊ စရိုက်မတူ၊အသွင်မတူသောလူရပ် လူပြည်၌အသက်ဟြန်သန်နီရခြင်းကို မြကြာညို စိတ်ပျက်လျက်ဟိသည်။

တစ်လခန့်အကြာမှာပင် သတင်းအစအနပျောက်နီသောသူမမောင်ကြီးတွက် ငိုရသည့်ရက်တိ မရွီနိုင်တော့ပါ။မင်းသမီးချေ မျက်လုံးတွင်မျက်ရည်များပင်ခန့်ခြောက်လီသည်။ သူမမောင်ကြီးတွက် မျော်လင့်ချက်တိ ကုန်ခန်းလာသည်။

“အသျှင်မဘုရား၊အသျှင်မဘုရား၊” သူမအဆောင်အခန်းတော်မှ အပြင်ကိုငေးနီစဉ်တွင် အခြွေရံမချေတစ်ယောက်ငိုယိုပြီးဝင်လာသည်။

“ဟေ… အညို,……….နင် ဇာဖြစ်လေ ငါ့ကို အဂု လျှောက်တင်စမ်” မြကြာညို စိုးရိမ်စိတ်နှင့်မီးလိုက်လေသည်။ ” အသျှင်မဘုရား ……..အကျွန်မျိုးရို. အသျှင် မုနိသျှင်တော်မြတ်ကို ဗမာပြည်ကို ယူဆောင်လာဖို့ ၊ ဘုရင်က အမိန့်တော်ချလိုက် ပါယာဘုရား…….”

မြကြာညို နဖူးကသွီး ခြီမတက်လျက် မျက်ရည်မိုးတိရွာကျလာသည်။ ရင်ထဲမှလည် အလွန်မှနာကြင်သောဝေဒနာတစ်ရပ်ခံစားလိုက်ရသည်။

“တောက်………., ရိုင်းလိုက်လေ.. အညို…….လူကြားလို့မကောင်း……. ငရို.ပြည်ကိုမတရားသိမ်း……ငရိုလူမျိုးတိကိုသတ်..အဂုငါရို.အသျှင်ကို မတရားယူပြန်ယာ မလားဂု……..” မြကြာညိုတတ်သီးခေါက်သံ အခြွေအရံတိ ဆို့နစ်ငိုသံတိနှင့် ရောထွီးလားသည်။………………….

မြကြာညို အဆောင်ဟြိ့တွင် နန်းတွင်းတိနန်းတွင်းသားတိ ကျကျိတ်တိုးနီသည်။ “ရခိုင်..မင်းသမီးလေး….မြကြာညို…..သနားပါတယ်” စသည့်အသံတိ ထွက်ပေါ်လာသည်။ ” အသျှင်မ….အသျှင်မ…ဟီး..ဟီးး..အကျွန်မျိုးမ ရို.ကို ထားခယာလာ….ထကြည့်ပါ..အဖပြည်ကို တနိပြန်ဖို့ဆို….ဟီး..ဟီးး…” စသည့် ဆို့နစ်ငိုကြွီးသံတိကြားထဲတွင် မင်းသမီးချေ မြကြာညို ၀ိညဉ်ကင်းမဲ့လျက်…….။
။---------------------------------။